နေပြည်တော် ဧပြီ ၄
နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် KIA ၊ KPDF နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်အမျိုးသား ၈ ဦးတို့သည် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့် PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦး၊ စုစုပေါင်းအမျိုးသား ၈ ဦးတို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခတ်ထိန်နန်၊ တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘများတက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးမှ အလင်းဝင်ရောက်လာသူ လူငယ်များအား အသိပညာပေးရှင်းလင်းပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ K-25 လောင်ချာ ၂ လက်၊ K-25 သေနတ် ၁ လက်၊ M-23 စက်လက် ၁ လက်၊ M-B0 တရုတ်စက်လက် ၁ လက်၊ Type-81 သေနတ် ၁ လက်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၃၂၆ တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် ၄၀၅ တောင့်၊ ကျည်ခါးပတ်တွဲ ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၅ ခုနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။
ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား မောင်းပြန်ရိုင်ဖယ် ၄ လက်အတွက် ငွေကျပ်သိန်း ၂၀၀၊ စက်လက် ၂ လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ MA-4 ၁ လက်အတွက် ငွေကျပ် ၇၅ သိန်း၊ K-25 လောင်ချာ ၂ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ MG-1 လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ စုစုပေါင်းငွေကျပ် ၅၂၈ သိန်းနှင့် အလင်းဝင်ရောက်လာသူများအတွက် ငွေကျပ်သိန်း ၈၀၊ စုစုပေါင်းငွေကျပ် ၆၀၈ သိန်းကိုပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်းသိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကိုလည်း ယခုကဲ့သို့ ကြားသိရပါသည် -
၁။ ရွှေမျှောလုပ်နေရင်းနဲ့ ပေါ်တာအဆွဲခံရတာဖြစ်ပါတယ်။ ဆွဲတာက KIA တွေ ဆွဲတာ၊ အဲတာပြီးတော့ ကျွန်တော့်ကို သင်တန်းကုန်းကို ပို့တယ်။ ကျွန်တော်တို့အရှေ့မှာ နေရတာတွေက PDF တွေချည်းပဲနေရတာ။ KIA တွေက အနောက်မှာပဲနေတာဗျ။ အရှေ့ မှာနေတဲ့ PDF လူငယ်တွေ၊ ကျွန်တော်တို့ မြန်မာလူမျိုးတွေအရှေ့မှာ တာဝန်ထမ်းဆောင်တဲ့ လူတွေက ကျည်ကာမပါ ဘာမပါနဲ့ ဒီတိုင်းသေနတ်တစ်လက်နဲ့ သူတို့ပေးတဲ့ ကျည်ဆန်နဲ့အရှေ့မှာ စစ်တိုက်ခိုင်းတယ်။ အနောက်မှာနေတဲ့ KIA တွေတော့ ကျည်ကာ Equipment အပြည့်အစုံနဲ့ နေရတာဗျ။ ပြီးတော့ ရပ်ရွာနေရာမှာပဲ သူတို့ အုပ်ချုပ်တယ်၊ အခွန်တွေကောက်တယ်။ သူတို့ကျတော့ အနောက်မှာပဲ ကျည်လွတ်မြေမှာပဲ သူတို့နေကြတယ်ဗျ။ ဘာဖြစ် လို့လဲဆိုတော့ သူတို့က ပြည်သူ့ကာကွယ်ရေးနဲ့ ပေါင်းတယ်ဆိုပြီးမှ သူတို့နာမည်ခံမှတ်ယူတာ။ ရွာထဲမှာ ရပ်ထဲမှာကျရင် အိမ်ပိတ် ထားတဲ့ဟာတွေဆိုရင် အိမ်တွေကို ဖောက်တယ်။ အဲဒီမှာရှိတဲ့ သယံ ဇာတတွေ တစ်ခုခုပေါ့ တန်ကြေး ရှိတဲ့ဟာတွေ၊ နောက်ဆုံး ကျွန်တော်မြင်ခဲ့တာ ပြောရမယ်ဆိုရင်တော့ စက်ချုပ်တဲ့ အပ်ချုပ်စက်တွေက အစ၊ ပန်းအိုးတွေ အဲဒါတွေကအစ သူတို့ ယူတယ်သိမ်းတယ်။ ပရိဘောဂပစ္စည်းတွေသူတို့မှာ မရှိတဲ့ဟာတွေ ယူတယ်။ အလင်းဝင်ရောက်လာတဲ့ အချိန်မှာ အစောကတော့ ကျွန်တော်တို့ ကြောက်ခဲ့တာပေါ့၊ တပ်မတော်ဘက်က အန္တရာယ်ပြုမှာတို့၊ ထောင်ချမှာတို့၊ သတ်ဖြတ်မှာတို့ ထင်ခဲ့တာ။ တကယ်တော့ အဲလိုမျိုး မဟုတ်ဘူး။ ဒီရောက်တော့တကယ့် ညီအစ်ကိုရင်းချာလိုပဲ၊ မိသားစုဝေးကွာခဲ့တဲ့ မိသားစုကို ပြန်ပြီး ဆုံတွေ့ရသလို ပျော်ပျော်ပါးပါးနဲ့ အဲလိုမျိုးကြိုဆိုတယ်။ ညီအစ်ကိုတွေ အမြန်ဆုံးလာခဲ့ပါ၊ အမြန်ဆုံး အလင်းဝင်လာခဲ့ပါ။ တပ်မတော်က နွေးနွေးထွေးထွေးနဲ့ကြိုဆိုပါတယ်။ လက်ဖျားနဲ့တောင်မှ မတို့ပါဘူးဗျာ။ ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေး နဲ့ ကောင်းကောင်းမွန်မွန်ထားပြီးတော့ ကျွေးမွေးတယ်။ အဲဒါပြီးရင် ကျွန်တော့် မိဘရပ်ထံကို အပ်နှံပေးတယ်။ ပြီးတော့ ရိုက်နှက်တာ ဘာမှမရှိပါဘူးဗျ။
၂။ PDF အကြမ်းဖက်အဖွဲ့ အစည်းတွေရဲ့ စည်းရုံးလှုံ့ဆော်မှုကို နားယောင်မိပြီးတော့ PDF အကြမ်းဖက်အဖွဲ့အစည်းဆီကို ရောက်ရှိခဲ့ပါတယ်။ သင်တန်းကာလမှာလည်း ကျွန်တော်တို့ကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံပါတယ်။ ရဲမေတွေအပေါ်ကိုလည်း ထိကပါး ရိကပါးတွေနဲ့လည်း ဆက်ဆံကြ ပါတယ်။ အချို့ရဲဘော်တွေဆိုရင် မနေချင်လို့ ထွက်ပြေးတယ်ဆိုရင်၊ ပြန်လည်ခုခံတယ်ဆိုရင် သေနတ်နဲ့ ပစ်သတ်တာတွေလည်း ရှိသလို၊ နောက်ပြန်ကြိုးနဲ့ တုပ်ဖမ်းတာတွေလည်း ရှိပါတယ်။
အချို့ ခေါင်းဆောင်တွေဆိုရင် ရဲဘော်တွေ ခံစားခွင့်တောင်မှ ဘာမှမပေးဘဲနဲ့ သူတို့ရှိတဲ့ ပိုက်ဆံကို သူတို့အိတ်ထဲ ထည့်တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကို KIA အသုံးချခံဆိုပြီးတော့မှ အဲလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ပစ်ထားပါတယ်။ ကျွန်တော်တို့က လာပြီးတော့ အသက်စတေးရတာနဲ့လည်း တူတယ်။ ဒါကြောင့် ကျွန်တော်ကလည်း အစကတည်းက မနေလည်းမနေချင်ဘူးဆိုတော့ နီးစပ်ရာတပ်စခန်းကို ဆက်သွယ်ပြီး လက်နက်ချပြီး အလင်းဝင်ခဲ့ပါတယ်။ အလင်းဝင်တဲ့အချိန်မှာ သက်ဆိုင်ရာဌာနသီးသီးကလည်း မိသားစုလို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ်။ ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ကို အကောင်းဆုံးလည်း အစားအသောက်၊ နေရေး ထိုင်ရေးအားလုံး ကျန်းမာရေးပါအစ အကုန်လုံး သူတို့အကုန်လုံး ပြည့်စုံစွာထားပါတယ်။ တပ်မတော်ထံကို အလင်းဝင်ခဲ့ဖို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။
သတင်းစဉ်
