ဒေါက်တာဒီဘိုနို၊ ဘောင်ခြောက်ခုတွေးခေါ်နည်းနှင့် သတင်းတု သတင်းမှား တိုက်ဖျက်ခြင်း
ကိုကို (စက်မှုတက္ကသိုလ်)
တစ်လောက စာရေးဆရာ ဒေါက်တာအက်ဒ်ဝပ်ဒီဘိုနို (Edward de Bono) ရေးသည့်စာအုပ်တစ်အုပ်ကို အီးဘုတ်ခ်အဖြစ် ဖတ်ရှုလိုက်ရသည်။ စာအုပ်အမည်က Six Frames: For Thinking about Information ဆိုသည့်စာအုပ်ဖြစ်သည်။ မြန်မာဘာသာဖြင့် “သတင်းအချက်အလက်များအကြောင်း စဉ်းစားတွေးခေါ်ရန် ဘောင်ခြောက်ခု” ဟု တိုက်ရိုက်ပြန်ဆိုနိုင်သည်။
သူ့ကိုအများက ဒီဘိုနိုဟု အတိုကောက်ခေါ်ကြသည်။ မှတ်သားကြသည်။ ဆရာကြီး ဒီဘိုနို၏ စာအုပ်များက မြန်မာပရိသတ်များအတွက် ရင်းနှီးပြီးသားဖြစ်သည်။ ဆရာကြီး ဒီဘိုနို၏ Six Thinking Hat ကို ဦးထုပ်ခြောက်လုံး တွေးခေါ်နည်းဟူ၍လည်းကောင်း၊ Six Action Shoes ကို ဖိနပ်ခြောက်ရန် ဆောင်ရွက်နည်းဟူ၍လည်းကောင်း ဆရာမြတ်ငြိမ်းက ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး ဖြစ်သည်။ ဆရာမြတ်ငြိမ်းသာဆိုလျှင် ယခုစာအုပ်ကို “သတင်းအချက်အလက်အတွက် ဘောင်ခြောက်ခု တွေးခေါ်နည်း” ဟု ဘာသာပြန်မည်လားမသိ။
ကမ္ဘာကျော်တွေးခေါ်ပညာရှင် ဆရာကြီး ဒေါက်တာ Edward de Bono ရေးသားခဲ့သော အဆိုပါ "Six Frames: For Thinking about Information" စာအုပ်ကို ၂၀၀၈ ခုနှစ်တွင် Ver-milion စာအုပ်တိုက်မှ စတင်ထုတ်ဝေခဲ့ပါသည်။ ဆရာကြီး ဒီဘိုနိုသည် တီထွင်ကြံဆတွေးခေါ်နည်းနှင့် ဖြန့်ထွက်တွေးခေါ်နည်းနယ်ပယ်တွင် ရှေ့ဆောင်လမ်းပြအဖြစ် ကမ္ဘာက အသိအမှတ် ပြုထားသူပညာရှင်ကြီးလည်း ဖြစ်သည်။
သူသည် ‘‘လူသားတို့၏ ဦးနှောက်အတွက် ဆော့ဖ်ဝဲလ်ရေးသားပေးသူ’’ အဖြစ် တင်စားခံရသူ ဖြစ်သည်။ သူ၏ တွေးခေါ်မှုပညာရပ်များကို IBM၊ Microsoft၊ Nokia၊ Siemens ကဲ့သို့သော ကမ္ဘာ့ ထိပ်တန်းကုမ္ပဏီကြီးများက အသုံးပြုကြပြီး ထိပ်တန်းအတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သော Acce-nture က သူ့ကို မျက်မှောက်ခေတ်လွှမ်းမိုးမှုအရှိဆုံး စီးပွားရေးအတွေးအခေါ်ပညာရှင် ၅၀ စာရင်းတွင် ထည့်သွင်းခဲ့ပါသည်။ တောင်အာဖရိကပညာရှင်များအဖွဲ့ကလည်း လူသားသမိုင်းတစ်လျှောက် လွှမ်းမိုးမှုအရှိဆုံးပုဂ္ဂိုလ် ၂၅၀ တွင် သူ့ကို ထည့်သွင်းခဲ့ပါသည်။
အချိန်ကာလကို ကျော်လွန်၍ အသုံးဝင်ဆဲဖြစ်သော ဘောင်ခြောက်ခု တွေးခေါ်မှု
ဤမျှ နိဒါန်းရှည်ရှည်ပျိုးနေရခြင်းမှာ အကြောင်းရှိပါသည်။ ဆရာကြီးဒီဘိုနို၏ လွန်ခဲ့သော ၁၈ နှစ်က စာအုပ်သည် ယခုမျက်မှောက်သတင်းအချက် အလက် ထွေပြား၊ ဝေဝါးများပြားနေသောခေတ်၊ တစ်နည်းအားဖြင့်ဆိုရလျှင် သတင်းအချက်အလက်များဖြင့် ပိနေသော မျက်မှောက်လူသားများအတွက် အမှောင်ထဲမှ အလင်းတစ်စကဲ့သို့ အားထားစရာဖြစ်သည်သာမက စာအုပ်ပါဘောင်ခြောက်ခုတွေးခေါ်မှုမှာ လက်တွေ့တွင် လွန်စွာအသုံးကျနေသောကြောင့် ဖြစ်ပါသည်။
မျက်မှောက်လူသားများသည် သတင်းအချက် အလက်ခေတ်တွင် နေထိုင်နေကြပြီး သတင်းအချက်အလက်များကို လိုအပ်သည်ထက် အလွန်အမင်းလွယ်ကူစွာရရှိနေကြသည်။ သတင်းအချက်အလက်များကို ကွန်ပျူတာများအတွင်း ထည့်သွင်းကာ ခွဲခြမ်းစိတ်ဖြာခိုင်းသည့် အလေ့အထ ထွန်းကားလာခဲ့သော်လည်း ဤသည်မှာ စိတ်မချရသော အလေ့အထတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ပျူတာများက သတင်းတစ်ခု၏ တိကျမှန်ကန်မှု၊ စိတ်ဝင်စားမှု၊ ဘက်မလိုက်မှုနှင့် တန်ဖိုးတို့ကို ကောင်းစွာအကဲဖြတ်မပေးနိုင်ဘဲ လူသားတို့၏ တွေးခေါ်မှုဖြင့်သာလျှင် ထိရောက်စွာ လုပ်ဆောင်နိုင်သော ကိစ္စရပ်ဖြစ်နေသည်။
ယခုစာအုပ်တွင် စာရေးဆရာကြီး ဒီဘိုနိုက "Truth Paste" ဟူသော ဝေါဟာရတစ်ခုကို မိတ်ဆက်တင်စားသုံးနှုန်းထားသည်။ ဆိုလိုသည်မှာ အမှန်တရားကဲ့သို့ ထင်ရအောင် ဖန်တီးထားခြင်းဟူသော အယူအဆဖြစ်ပြီး ယနေ့ခေတ်သတင်းတု ဖြန့်ဝေသူများသည် ဤလှည့်ကွက်ကို အဓိကအသုံးပြုနေကြသည်။ အရာရာကို ချဲ့ကားရေးသားခြင်း၊ “အတ္တကြီးသော”၊ “ကြောက်မက်ဖွယ်ကောင်းသော” စသည့် နာမဝိသေသနများကို အလွန်အကျွံအသုံးပြုခြင်းတို့မှာ သတင်းအချက်အလက်မဟုတ်ဘဲရေးသားသူ၏ ထင်မြင်ချက်များသာဖြစ်သည်ဟု ဆရာကြီး ဒီဘိုနိုက ရေးသားသည်။
ထိုအခြင်းအရာများကို သတိပြုမိရန်နှင့် မျက်မှောက်ခေတ်အကြီးမားဆုံးစိန်ခေါ်မှုထဲမှ တစ်ခုဖြစ်သော သတင်းတု သတင်းမှား တိုက်ဖျက်ရေးအတွက် ဒီဘိုနို၏ ဘောင်ခြောက်ခုကို အောက်ပါအတိုင်း အသုံးချနိုင်ပါသည်-
သတင်းများကို ဘောင်ခြောက်ခုဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း
၁။ တြိဂံဘောင် (The Triangle Frame)
ပထမဆုံးဘောင်မှာ တြိဂံဘောင်ဖြစ်သည်။ စာရေးဆရာက တြိဂံသည် မြားခေါင်းတစ်ခုနှင့် တူသဖြင့် ရည်ရွယ်ချက်ကို ကိုယ်စားပြုသည်ဟုဆိုသည်။ သတင်းတစ်ခုကို မြင်တွေ့ဖတ်ရှုလိုက်ရသည့်အခါ ‘‘ဤသတင်းကို မည်သည့်ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေသနည်း’’ ကို ပထမဆုံးစဉ်းစားရမည်ဟူသည့် တွေးခေါ်မှုဖြစ်သည်။ ဤသတင်းက ဘာကိုပြောချင်တာလဲ (What)။ ဘာဖြစ်လို့ ဒီသတင်းလိုအပ်ရသလဲ၊ ဘာကြောင့်တန်ဖိုးရှိတာလဲ။ ဘာကြောင့် သက်ရောက်မှုရှိတာလဲ (Why)။ ဤသတင်းအချက်အလက်ကို ဘယ်နေရာမှာ ရှာဖွေသင့်သလဲ၊ ရှာဖွေနေသည့်နေရာ မှန်ကန်ရဲ့လား (Where)။
သတင်းတုအများစုသည် စာဖတ်သူကို အသိပညာပေးရန်ထက် လူထုကို ထိတ်လန့်စေရန် သို့မဟုတ် လမ်းမှားသို့ပို့ဆောင်ရန် ရည်ရွယ်ချက် ရှိရှိ ဖန်တီးထားတတ်ကြသည့်အတွက် တြိဂံဘောင်ဖြင့် ဆန်းစစ်ရာတွင် အထက်ပါအချက်သုံးချက် လိုအပ်လာခြင်းဖြစ်သည်။
၂။ စက်ဝိုင်းဘောင် (The Circle Frame)
စက်ဝိုင်းသည် ပစ်မှတ်၏အလယ်ဗဟိုကို ကိုယ်စားပြုသည့်အတွက် စက်ဝိုင်းဘောင်သည် တိကျမှန်ကန်မှု စစ်ဆေးခြင်းကို ကိုယ်စားပြုထားသည်။ စက်ဝိုင်းဘောင်အသုံးပြုရာတွင် အောက်ပါအချက်များကို အခြေခံသင့်သည်ဟု ဆရာကြီး ဒီဘိုနိုက အကြံပြုထားသည်-
ခိုင်မာမှု/အခွင့်ရှိမှု (Authority)- ဤသတင်းကို ရေးသားသူသည် ယုံကြည်ရသောအဖွဲ့အစည်း သို့မဟုတ် ပညာရှင်ဟုတ်သလား။ သူသည် ထိုကိစ္စ နှင့်ပတ်သက်၍ ပြောဆိုနိုင်သည့်အခွင့် သို့မဟုတ် ဆက်နွှယ်သက်ဆိုင်မှုရှိပါသလား။
တိုက်ဆိုင်စစ်ဆေးခြင်း (Comparative Accuracy)- အခြားခိုင်မာသော သတင်းဌာနများနှင့် နှိုင်းယှဉ်စစ်ဆေးကြည့်ရန် လိုအပ်သည်။
သံသယများ (Doubts)- ထို့အပြင် ရရှိသော သတင်းအချက်အလက်များကိုယ်နှိုက်က သံသယဖြစ်စရာ အချက်အလက်များပါဝင်နေသလား မေးခွန်းထုတ်ရမည်။
၃။ စတုရန်းဘောင် (The Square Frame)
စတုရန်းတစ်ခုတွင် အနားလေးဖက်လုံးညီမျှသည်။ စတုရန်းသည် ဘက်အသီးသီးမှ ပြဿနာကို ချဉ်းကပ်ရမည့် သဘောလည်းဖြစ်သည်။ စတုရန်းဘောင်သည် ရှုထောင့်အမြင်ကို ကိုယ်စားပြုထားသည်။ သို့သော် သတင်းတိုင်းသည် ထိုသို့ အဘက်ဘက်မှ မျှတစွာ ရေးသားထားခြင်းမျိုးမရှိနိုင်ပါ။ သတင်းအချက်အလက်များက ဘက်လိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိနေသလဲ သို့မဟုတ် မျှတမှုရှိသလားဆိုသည်ကို စတုရန်းဘောင်ဖြင့် ဆန်းစစ်ခိုင်းခြင်းဖြစ်သည်။
ဘက်လိုက်မှု (Bias)- သတင်းတစ်ခုသည် ကြော်ငြာတစ်ခုကဲ့သို့ တစ်ဖက်သတ်ဆွဲဆောင်လိုသော ရည်ရွယ်ချက်ရှိနေသလားဆိုသည်ကို သတိပြုရမည်။ ဘက်လိုက်မှုကို သတင်းတွင် ရှာဖွေဖော်ထုတ်ရမည်။
နာမဝိသေသနများ (Adjectives)- စကားလုံး အသုံးအနှုန်းများတွင် နာမဝိသေသနအများစုသည် ရေးသားသူ၏ ကိုယ်ပိုင်အမြင်များ ဖြစ်နေတတ်သည်။ ထိုအခါ သတင်းသည် အချက်အလက် မဟုတ်တော့ဘဲ အမြင် (Opinion) သာ ဖြစ်နေတတ်သည်ကို သတိပြုရမည်။
၄။ အသည်းနှလုံးဘောင် (The Heart Frame)
အသည်းနှလုံးဟု ဆိုလိုက်သည်နှင့် အသည်းနှလုံးပိုင်ဆိုင်သည့် မည်သူမဆို အကြီးအကျယ်စိတ်ဝင်စားကြသည်။ ထို့ကြောင့်ပင် ဤစာအုပ်ထဲ၌ အသည်းနှလုံးကို စိတ်ဝင်စားမှု၏ သင်္ကေတအဖြစ် ကိုယ်စားပြုထားသည်။
စိတ်ဝင်စားမှုဆိုသည့်သဘောကိုက ဆွဲဆောင်မှုနှင့် နှစ်သက်စေမှုရှိသည်။ စိတ်ဝင်စားမှုကိုလည်း ယေဘုယျဆန်ဆန်စိတ်ဝင်စားမှုနှင့် အထူးသီးသန့်စိတ်ဝင်စားမှုများဟူ၍ နှစ်မျိုးခွဲခြားနိုင်သည်။
သတင်းတု သတင်းမှားများသည် လူတို့၏ စိတ်ဝင်စားမှုကို အလွယ်တကူရရှိစေရန် အံ့သြစရာ၊ ထိတ်လန့်စရာ သတင်းခေါင်းစဉ်များဖြင့် အမြဲဖန်တီးလေ့ရှိသည်။
သတင်းတစ်ခုက မိမိ၏ စိတ်ခံစားချက်ကို အလွန်အမင်း လှုံ့ဆော်ပေးနေပြီဆိုလျှင် ‘‘ယင်းက ငါ့ကိုစိတ်လှုပ်ရှားအောင်သက်သက် ပြုလုပ်ထားခြင်းလား’’ ဟု မေးခွန်းထုတ်ရန် လိုအပ်သည်။
၅။ စိန်ပွင့်ဘောင် (The Diamond Frame)
စိန်ကို လူသားများက တန်ဖိုးမြင့်မားစွာထားကြသည်။ ထို့ကြောင့်ပင် စိန်ပွင့်ဘောင်သည် တန်ဖိုးကို ကိုယ်စားပြုသော သင်္ကေတဖြစ်လာသည်။ ဤသတင်းက မိမိအတွက် သို့မဟုတ် လူ့အဖွဲ့အစည်းအတွက် မည်သို့သော စစ်မှန်သည့် အကျိုးကျေးဇူးကို ပေးစွမ်းနိုင်သနည်းဆိုသည်ကို ဆန်းစစ်ရမည်။ သတင်း၏တန်ဖိုးကဘာလဲ။ ဒီသတင်းက မိမိ၏လိုအပ်ချက်များနှင့် မေးခွန်းများကို ဖြေပေးနိုင်သလား။ ဘယ်လိုတန်ဖိုးမျိုးလဲ။ တန်ဖိုးဘယ်လောက်ရှိသလဲ။ သတင်းတုအများစုသည် ဖတ်လိုက်လျှင် စိတ်လှုပ်ရှားစရာကောင်းသော်လည်း လက်တွေ့တွင် တန်ဖိုးအစစ်ကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတတ်ပါ။ မိမိယုံကြည်ထားသည်ကို ထောက်ခံပေးရုံသက်သက်သာ ဖြစ်နေတတ်သည်ကို သတိပြုသင့်သည်။
၆။ ခုံပြားဘောင် (The Slab Frame)
နောက်ဆုံးအဆင့်မှာ ခုံပြား (Slab) ပေါ် ဘာတွေ နေရာချရမလဲ။ ရလဒ်ကဘာလဲ။ အဆုံးသတ်က ဘာလဲ။ အခင်းပြားသည် ပလက်ဖောင်းသဘောဖြစ်သည်။ ဤစာအုပ်တွင် အခင်းပြားဘောင်ကို ရလဒ်အဖြစ် သင်္ကေတပြုထားသည်။ နောက်ဆုံးအဆင့်တွင် အရာအားလုံးကို ခုံပြားပေါ်တင်၍ ပွင့်လင်းမြင်သာစွာ ရလဒ်ထုတ်ခြင်းဖြစ်သည်။ ခုံပြားဘောင်ကို ရလဒ်များနှင့် သုံးသပ်ချက်/ ကောက်ချက်များချရာတွင် အသုံးပြုသည်။
ရရှိသည့် သတင်းအချက်အလက်များက ကျေနပ်စရာကောင်းရဲ့လား။ ဘယ်လိုကျေနပ်စရာ ကောင်းတာလဲ။ သတင်းအချက်အလက် ထပ်လိုသေးသလား။ သတင်းအချက်အလက်တွေရဲ့ တိကျမှန်ကန်မှုကို ကျေနပ်ရဲ့လား။ ဒီသတင်းကြောင့် ဘာတွေမေးစရာပေါ်လာသလဲ။ ယင်းတို့သည် ခုံပြားဘောင်တွေးခေါ်မှုဖြင့် ဆန်းစစ်ရမည့်အချက်များဖြစ်သည်။
နေ့စဉ်အသုံးချသင့်သည့် သတင်းမှားစစ်ဆေးရန် ဘောင်ခြောက်ခု Checklist များ
ဘောင်ခြောက်ခုတွေးခေါ်နည်းစာအုပ်ကို အခြေခံ၍ မူရင်းအာဘော်နှင့် မူရင်းစာ၏ ပင်ကိုသဘောကို မပျက်ယွင်းစေဘဲ အဆိုပါဘောင်ခြောက်ခုကို သတင်းတု သတင်းမှားစစ်ဆေးရာတွင် အသုံးပြုနိုင်အောင် ဆင့်ပွားတွေးခေါ်မှုပြုလိုပါသည်။
၁။ ရည်ရွယ်ချက် (တြိဂံဘောင်)
ဤသတင်းသည် သတင်းအချက်အလက်ပေးရန်လား (သို့မဟုတ်) ကြောက်ရွံ့မှု၊ ဒေါသကို ဖန်တီးရန် တမင်ရည်ရွယ်ထားသလား။
၂။ တိကျမှု (စက်ဝိုင်းဘောင်)
သတင်းရင်းမြစ်ခိုင်မာသလား။ တရားဝင် သတင်းဌာန အခြားတစ်ခုခုတွင်ရော ဖော်ပြထားသလား။
၃။ ရှုထောင့် (စတုရန်းဘောင်)
သတင်းတွင် အချက်အလက်သက်သက်ကို ရေးထားတာလား၊ ခံစားချက်ပါသော စကားလုံးများ၊ စွပ်စွဲချက်များဖြင့် တစ်ဖက်သတ် သို့မဟုတ် ဘက်လိုက်ရေးသားထားသလား။
၄။ စိတ်လှုပ်ရှားမှု (အသည်းနှလုံးဘောင်)
ခေါင်းစဉ်က အလွန်အံ့သြစရာကောင်းအောင် ကလစ်ရအောင် မြှူဆွယ်ထားသလား။ မိမိ၏ စိတ်ခံစားချက်ကို တမင်ဆွပေးနေသလား။
၅။ တန်ဖိုး (စိန်ပွင့်ဘောင်)
သတင်းသည် လက်တွေ့အသုံးဝင်သလား။ ဒါမှ မဟုတ် မိမိယုံချင်သည်များကို အတင်းထောက်ခံပေးနေသည့် သတင်းမျိုးဖြစ်နေသလား။ စိန်အစစ် လား၊ စိန်အတုလား။
၆။ ကောက်ချက် (ခုံပြားဘောင်)
အထက်ပါအချက်တွေကို ကြည့်ခြင်းအားဖြင့် ဤသတင်းကို ယုံကြည်သင့်သလား။ ထပ်ဆင့်မျှဝေဖို့ တကယ်သင့်တော်ရဲ့လား။
နိဂုံး
ဒေါက်တာ အက်ဒ်ဝပ်ဒီဘိုနို၏ “ဘောင်ခြောက်ခု (Six Frames)” တွေးခေါ်မှုမှတစ်ဆင့် ရရှိသည့် ဆင့်ပွားတွေးခေါ်မှုသည် သတင်းများ ဖတ်ရှုရာတွင် မျက်စိစုံမှိတ်ယုံကြည်မသွားစေရန် တားဆီးပေးသည့် ခိုင်မာသော စိတ်ပိုင်းဆိုင်ရာ ဆန်ခါတစ်ခုဖြစ်လာနိုင်ပါသည်။
အချုပ်အားဖြင့်ဆိုရသော် သတင်းတု သတင်းမှား တိုက်ဖျက်ရေးဆိုသည်မှာ ပိတ်ပင်တားဆီးမှုများ ပြုလုပ်ရုံဖြင့် မလုံလောက်ဘဲ လူတစ်ဦးချင်းစီ၏ စနစ်တကျတွေးခေါ်စဉ်းစားနိုင်စွမ်းကို မြှင့်တင်ပေးခြင်းဖြင့်သာ ရေရှည်အောင်မြင်နိုင်မည်ဖြစ်သည်။ အမှန်တရားလို့ထင်ရအောင် လှည့်စား ဖန်တီးထားမှုများကို အလွယ်တကူ သတိပြုမိစေရန်နှင့် နေ့စဉ်စီးဆင်းနေသော သတင်းလှိုင်းလုံးကြီးများကြားတွင် လွင့်စဉ်လမ်းပျောက်မသွားဘဲ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်အတွက် ယခု “ဘောင်ခြောက်ခု” သည် ထိရောက်သည့် လက်စွဲကိရိယာတစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ ။
ကိုးကား-
Six Frames: For Thinking about Infor-mation by Edward de Bono
